ထူးဖောင်ဒေးရှင်းမှ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ မြို့မ(၂) ရပ်ကွက် ၊(၁၀) မိုင်ကုန်းအခြေခံပညာမူလတန်းကျောင်းခွဲအတွက် ကျောင်းဆောင်သစ်ဆောက်လုပ်လှူဒါန်းခြင်းအခမ်းအနားကို (၁၈.၆.၂၀၁၃) ရက်နေ့ ကကျင်းပပြုလုပ်ပေးခဲ့ပြီး မြို့နယ်ပညာရေးဦးစီးဌာနသို့လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
အခမ်းအနားသို့ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဟုန်းငိုင်း ၊ ပညာရေးနှင့်လူမှုရေးဝန်ကြီး ဒေါက်တာဘမောင်တို့တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားကိုနေ့လည် ၂နာရီတွင် တက်ရောက်လာကြသောဝန်ကြီးချုပ်နှင့် ဧည့်သည်များအားချင်းရိုးရာအဆောင်အယောင်များအပ်နှင်းပေးခြင်း၊ (၁၀) မိုင်ကုန်း အမကခွဲမှကျောင်းသားကျောင်းသူလေးများ၏ ရိုးရာအကများဖြင့်ဖျော်ဖြေခြင်း၊ တိုင်းရင်းသားရိုးရာအဖွဲများ၏ အကများဖြင့်ဖျော်ဖြေခြင်းဖြင့်စတင်ခဲ့ကြပါသည်။
နေ့လည် ၂နာရီ မိနစ် ၃၀ အချိန်တွင်ချင်းပြည်နယ်ဝန်ကြီးချုပ်ဦးဟုန်းငိုင်း၊ ချင်းပြည်နယ်ပညာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာဘမောင် နှင့် ထူးဖောင်ဒေးရှင်းဥက္ကဌ ဦးကျော်သီဟတို့မှကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါသည်။
ကျောင်းဆောင်သစ်နှင့်ပတ်သက်သည့် အချက်အလက်များ နှင့်မှတ်တမ်းများကို ထူးဖောင်ဒေးရှင်းဥက္ကဌ ဦးကျော်သီဟမှ ကန်ပက်လက်မြို့နယ် ပညာရေးမှူးထံသို့လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
ထို့နောက်ကျောင်းရှိ ကျောင်းသား၊ကျောင်းသူလေးများအတွက် ကျောင်းဝတ်စုံနှင့် ကျောပိုးအိတ်များ၊ စာရေးကိရိယာများကို ကျောင်းအုပ်ဆရာကြီးထံပေးအပ်လှူဒါန်းပေးခဲ့ပါသည်။
ဆက်လက်၍ကန်ပက်လက်မြို့ ၊မြို့မ(၂)ရပ်ကွက် (၁၀)မိုင်ကုန်းမှဒေသခံတစ်ဦးဖြစ်သူတစ်ဦး မှကျောင်းဆောင်သစ်ကို ဆောက်လုပ်လှူဒါန်းပေးသည့် ထူးဖောင်ဒေးရှင်းနှင့် ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ချီးမြှင့်ပေးသည့် ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့အားကျေးဇူးတင်စကားပြန်လည်ပြောကြားပေးခဲ့ပါသည်။
ထူးဖောင်ဒေးရှင်းမှဆောက်လုပ်လှူဒါန်းခဲ့သည့်ကျောင်းဆောင်သစ်မှာ အလျား ပေ၈၀၊ အနံပေ၃၀ ရှိတစ်ထပ်အုတ်ညှပ်စာသင်ဆောင်ဖြစ်ပြီး ကျောင်းသုံးပရိဘောဂများ အပါအဝင် ကျောင်းဆောင်သစ်အတွက်လိုအပ်သည့် ဆက်စပ်အဆောက်အဦ များဖြစ်သည့် သန့်စင်ခန်း နှင့်ရေကန်တို့ကိုပါ ထည့်သွင်းတည်ဆောက်ပေးခဲ့ပါသည်။
ကန်ပက်လက်မြို့၊ မြို့မ(၂)ရပ်ကွက်သည် နတ်မတောင်အမျိုးသားဥယျာဉ်နယ်နိမိတ်အတွင်းတွင်ပါဝင်နေသည့် ထက်ရွှီကျေးရွာ မှပြောင်းရွေ့လာသည့် ရပ်ကွက်တစ်ခုဖြစ်ပြီး ရပ်ကွက်တွင်းနေကျောင်းသားကျောင်းသူများအတွက် မူလတန်းကျောင်းခွဲ တစ်ကျောင်း သာရှိကာမူလ ကျောင်းဆောင်ဟောင်းမှာ ကျောင်းသားကျောင်းသူဦးရေ နှင့်လုံလောက်မှုမရှိသည့် အတွက် ထူးဖောင်ဒေးရှင်းမှကျပ်သိန်း (၅၀၀) အကုန်အကျခံကာ ဆောက်လုပ် လှူဒါန်းပေးခဲ့ခြင်းဖြစ်ပါသည်။
ထိုကဲ့သို့သဘာဝပတ်ဝန်းကျင်ကိုချစ်မြတ်နိုးစွာထိန်းသိမ်းလိုစိတ်ဖြင့် နတ်မတောင်အမျိုးသားဥယျာဉ်နယ်နိမိတ်အတွင်းမှ ပြောင်းရွေ့နေထိုင်ခဲ့သည့် မြို့မ(၂)ရပ်ကွက်နေ ပြည်သူများအတွက် ယခုကဲ့သို့စာသင်ဆောင်ကိုဆောက်လုပ်လှူဒါန်းပေးရသည့် ခြင်းဖြင့်
သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပညာရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများတွင် ထူးဖောင်ဒေးရှင်းအနေဖြင့် ပါဝင်ဆောင်ရွက်ခွင့်ရရှိသည့် အတွက်ဂုဏ်ယူဝမ်းမြောက်မိပါသည်။
ဖွင့်ပွဲအခမ်းအနားအတွက် ထူးဖောင်ဒေးရှင်းနှင့် အတူလိုအပ်သည့်ကူညီမှုများကိုဆောင်ရွက်ပေးကြသည့် Air Bagan လေကြောင်းလိုင်း နှင့် Aureum Palace Hotel တို့ကိုလည်း ကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်အပ်ပါသည်။