၂၀၁၃ ခုနှစ် သြဂုတ်လ (၁၂) ရက်နေ့က အဲပုဂံ လေယာဉ် မတော်တဆမှုကြောင့် ကွယ်လွန်ခဲ့သည့် ဦးပြား၊ မီးလောင်ဒဏ်ရာ ရရှိခဲ့သည့် မောင်ဌေးအောင်နှင့် ဦးပြား၏ မိသားစုဝင်များအား ထူးဖောင်ဒေးရှင်းနှင့် အဲပုဂံတို့က ငွေကျပ် သိန်း(၂၀၀)နှင့် လက်တွန်း ထွန်စက် (၉)စီးကို ပေးအပ်လှူဒါန်းခဲ့ပါသည်။ အဆိုပါ အလှူကို ကွယ်လွန်သူ ဦးပြားနှင့် မီးလောင်ဒဏ်ရာ ရရှိခဲ့သည့် မောင်ဌေးအောင်တို့ နေထိုင်သည့် ကုန်းမိုရွာတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ထူးဖောင်ဒေးရှင်းနှင့် အဲပုဂံမှ တာဝန်ရှိသူများက ဦးပြား မိသားစုနှင့် မောင်ဌေးမောင် မိသားစုထံသို့ လက်ရောက် လှူဒါန်းခဲ့ကြခြင်း ဖြစ်ပါသည်။
အဆိုပါ အလှူရက် မတိုင်မီက ထူးဖောင်ဒေးရှင်း နာယက ဦးတေဇ ကိုယ်တိုင် ကွယ်လွန်သူ ဧည့်လမ်းညွှန် မနွယ်လင်းရှိန်နှင့် ဦးပြား၊ မီးလောင်ဒဏ်ရာ ရရှိခဲ့သည့် မောင်ဌေးအောင်တို့ အိမ်များသို့ ကိုယ်တိုင် လိုက်ပါကာ မိသားစုဝင် များအား အားပေးစကားများ ပြောကြားခဲ့ပြီး လိုအပ်သည့် ကူညီမှုများနှင့် အထောက်အပံ့များ ပေးရန် စီစဉ်ပေးခဲ့ပါသည်။
ကွယ်လွန်သူ ဦးပြားတွင် မောင်နှမ လေးယောက် ရှိပြီး အဆိုပါ မိသားစုဝင်များအတွက် တစ်ဦးလျှင် ငွေကျပ် သိန်း(၂၀)စီနှင့် လက်တွန်းထွန်စက် (၁)စီးစီ၊ ဦးပြား မိဘများအတွက် ငွေကျပ် သိန်း(၂၀)နှင့် လက်တွန်းထွန်စက် (၁)စီး၊ ဦးပြား၏ မိသားစုအတွက် ငွေကျပ် သိန်း(၅၀)နှင့် လက်တွန်း ထွန်စက်(၂)စီး၊ မီးလောင်ဒဏ်ရာ ရရှိခဲ့သည့် မောင်ဌေးအောင် အတွက် ငွေကျပ် သိန်း(၅၀)နှင့် လက်တွန်း ထွန်စက် (၂)စီးတို့ကို လှူဒါန်းခဲ့ခြင်း ဖြစ်ပါသည်။
ထို့ပြင် ဦးပြား၏ ကျန်ရစ်ခဲ့သည့် သားနှင့်သမီးတို့၏ ပညာရေးအတွက် ထူးဖောင်ဒေးရှင်းက အစစ အရာရာ ထောက်ပံ့ကူညီ သွားမည်ဖြစ်ပြီး ယခုအချိန်တွင် လေးတန်းသို့ ရောက်ရှိ ပညာသင်လျက် ရှိသော ဦးပြား၏ သားအတွက် ပညာသင် စရိတ် တစ်လ (၆)သောင်း နှင့်(၁)နှစ်အရွယ်သမီးငယ် အတွက်အထွေထွေစရိတ် တစ်လ (၃)သောင်းထောက်ပံ့လျက် ရှိပါသည်။
၎င်းအပြင် ထူးဖောင်ဒေးရှင်းမှ ဒေသဖွံ့ဖြိုးရေးအတွက် ကုန်းမိုရွာလမ်းအား လမ်းခင်းလှူဒါန်းပေးခြင်း၊ ကုန်းမိုရွာရှိ အလယ်တန်းကျောင်းကို အထက်တန်းကျောင်းအဆင့် တိုးမြှင့် ဆောက်လုပ်ပေးခြင်း၊ ဗုဒ္ဓဘာသာ ထွန်းကား ပြန့်ပွားရေးအတွက် ကုန်းမိုရွာတွင် သိမ်နှင့် ဓမ္မာရုံ ဆောက်လုပ် လှူဒါန်းခြင်းတို့ကို ပြုလုပ်သွားမည် ဖြစ်ပါသည်။